ရင်ထဲကလမင်း
~~~~~~~~~~~
မညီမညာပြန့်ကျဲနေတဲ့စိတ်အစဉ်တန်းဟာလည်း
လမင်းနေတဲ့ထားဝယ်ဒေသဆီအသံမဲ့ဖုန်းဆက်လို့
နာမည်တစ်ခုသိယုံနဲ့ချစ်ခြင်းကိုပုံမအပ်ရဲခဲ့သူ
သစ္စာတရားရဲ့ပြယုဂ်ကိုသင်္ချာနဲ့တန်ဆာဆင်ပြီး
နင်ပျော်မယ်ဆိုဘ၀ကိုလိုသလိုအသုံးချပါ။
နင်ယုံကြည်စွာသက်ဆင်းပျော်ဝင်ဖို့
ဦးမညွတ်တတ်တဲ့ငါ့မာနတွေတောင်
ဒူးထောက်ရတာအကြိမ်ပေါင်းမနည်းတော့ဘူး...
ဒါတောင်.....ဒြဗ်မဲ့အက္ခရာတစ်ခုအောက်မှာ
တစ်ခမ်းတစ်နားမရှိတဲ့ချစ်ခြင်းမေတ္တာအကြောင်း
လမင်းယုံအောင် သတ်ပုံမညွန်းနိုင်ခဲ့ပြန်ဘူး။
ဒီလိုနဲ့....သံယောဇဉ်တွေငွေ့ရည်ဖွဲ့ရင်း
သံသယမြူတွေငါ့ကောင်းကင်မှာအုံ့မှိုင်းလာတော့
တစ်ခန်းရပ်သွားတဲ့ပြဇာတ်တစ်ပုဒ်အဖြစ်
လမင်းထားရစ်ခဲ့တဲ့အချိန်ကစပြီး
အလဲအကွဲဒဏ်ရာဒဏ်ချက်တွေ
ငါ့နှလုံးသားတစ်နေရာမှာကင်ဒိုဓါးတစ်လက်လို
ခပ်နက်နက်စိုက်ဝင်ခဲ့ပေါ့။
ယုံအောင်မပြောတတ်သလိုလွမ်းအောင်လည်းမချွဲတတ်ခဲ့ဘူး
သီအိုရီတစ်ခုရဲ့ညီမျှခြင်းဥပဒေသမှာ
နယူတန့်ရဲ့နိယာမကိုယုံကြည်စွာကိုးကွယ်လို့
ငါချစ်သလိုလမင်းသံယောဇဉ်ရှိရင်ကောင်းမယ်ဆိုတဲ့
အတ္တပါးပါးလေးကိုခြုံထားတာကလွဲရင်
ငါ့ရဲ့လမင်းလေး
နေ့ရက်တိုင်းမှာဘ၀အမောတွေပြေပါစေ.....။ ။
Kyaw Thiha
No comments:
Post a Comment